(၂ဝဝ၈)ခုနှစ် နိုဝင်ဘာက စတင် တည်ဆောက်ခဲ့သည့် အမျိုးသား အထိမ်းအမှတ် ဥယာဉ်ကို (၆၃)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ သိုက်ချောင်းကျေးရွာအနီး၌၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်တွင်စတင် ဖွင့်လှစ်ခဲ့ပါသည်။ အမျိုးသား အထိမ်းအမှတ်ဥယျာဉ်သည် မြေဧက (၄ဝဝ)ကျော်ကျယ်ဝန်းပြီး မြန်မာနိုင်ငံမြေပုံနှင့် အလားသဏ္ဌာန်တူသည့် ပြည်ထောင်စု ပုံစံငယ်အဖြစ် အကွက်ချ တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး၊ ပြည်နယ်နှင့်တိုင်း အသီးသီးတို့တွင် တည်ရှိနေကြသည့် အထင်ကရ စေတီပုထိုးများ၊ သဘာဝအလျောက် ဒေသ၏ သင်္ကေတပမာ ဖြစ်ပေါ်နေသည့် တောင်များ၊ လိုဏ်ဂူများ၊ ရေကန်ကြီးများ၊ ရေတံခွန်ကြီးများ၊ ကမ်းခြေများနှင့် ကျွန်းများပါဝင်သည့် ဒေသအလိုက် ပြကွက်များကို ပုံစံတူများဖြင့် တည်ဆောက်ထားရှိပါသည်။ ပြကွက်အသီးသီး၌ သက်ဆိုင်ရာ တိုင်းရင်းသားတို့၏ နေ့စဉ် လူနေမှုဘဝကို ဖော်ပြနေသည့် ရိုးရာအိမ်များ၊ ရိုးရာအစားအစာများကို ရောင်းချပေးသည့် စားသောက်ဆိုင်များနှင့် ဖွံ့ဖြိုးတိုးတက်လာသည့် လူမှုစီးပွားရေးဘဝများကို လေ့လာနိုင်မည့် ပညာရေးပြခန်းများကို လေ့လာ ခံစားနိုင်မည်ဖြစ်ပါသည်။ အမျိုးသား အထိမ်းအမှတ် ဥယျာဉ်သည် ကျွန်တော်တို့ Grand ACE Hotel မှ ၂၀ ကီလိုမီတာ နှင့် ကားမောင်းချိန် ၂၅ မိနစ်ခန့်သာကွာဝေးပါသည်။